အဓိကအကြောင်းအရာ Skip
မြန်မာနိုင်ငံရှိဘော့ရှ်
5G in Action

လုပ်ငန်းသုံး 5G

5G နည်းပညာ ပေါ်ထွက်လာခြင်းသည် ကုန်ထုတ်လုပ်ရေးတွင် ခေတ်သစ်တစ်ခု စတင်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် အနာဂတ်တွင် ဖြစ်လာနိုင်သည့် ကုန်ပစ္စည်းအစိတ်အပိုင်း တပ်ဆင်ထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်မှုများကို မျှော်ကြည့်ပြီး အင်တာနက် ချိတ်ဆက်ပစ္စည်းများ (IoT) က ဘာကြောင့် 5G ကို လိုအပ်ရသလဲဆိုသည့် အကြောင်းရင်းကိုလည်း အဖြေထုတ်ကြသည်။

5G in Action

5G နည်းပညာ ပေါ်ထွန်းမှုသည် wireless communications တွင် ကြီးမားသော ပြောင်းလဲမှု ဖြစ်သည်။ အကြောင်းမှာ ပထမဆုံးအကြိမ်အနေဖြင့် ကြိုးဖြင့်ချိတ်ဆက်လုပ်ကိုင်သော ပတ်ဝန်းကျင်ရှိ ဒေတာနှုန်းများ၊ ယုံကြည်စိတ်ချရမှု အဆင့်များနှင့် နှိုင်းယှဉ်ကြည့်နိုင်ပြီး ၎င်းတို့၏ယခင်မျိုးဆက်ထက် ဒေတာနှုန်း ဆယ်ဆပိုမိုမြန်ဆန်သည်။

3G နှင့် 4G တွင် သုံးစွဲသူလောကအတွက် သက်ရောက်မည့်အကျိုးဆက်အပေါ် အဓိကအားဖြင့် အာရုံစိုက်ခဲ့သော်လည်း 5G တွင်မူ ထိုနယ်ပယ်ကိုကျော်လွန်၍ လုပ်ငန်းနယ်ပယ်တွင် အသုံးချမှုများအထိပါ ချဲ့ထွင်လာမည်ဖြစ်သည်။ ဘာကြောင့်လဲ။ အကြောင်းမှာ ထိုသို့ရရှိလာနိုင်မည့် မြန်နှုန်းများနှင့် ယုံကြည်စိတ်ချရမှု အဆင့်များတွင် နည်းပညာသည် အချိန်နှင့်တစ်ပြေးညီ အလုပ်လုပ်လာနိုင်မည်ဖြစ်သည်။ ထိုမျှမကဘဲ ၎င်းသည် စာရင်းသွင်းမှု အမြောက်အများ သို့မဟုတ် IoT စက်ပစ္စည်းများကို ယခင်ကထက်ပို၍ ဝန်ဆောင်မှုပေးလာနိုင်မည်ဖြစ်သည်။

အနှေးနှင့်အမြန်ဆိုသလိုပင် 5G ကို အကျိုးရှိရှိ အသုံးချနိုင်ရန် အကောင်းဆုံး မြှင့်တင်ထားသည့် ကိရိယာပစ္စည်းများက ပို၍ကောင်းမွန်သော အကျိုးကျေးဇူးများကိုပင် ပေးနိုင်မည်ဖြစ်သည်။ သို့သော် လက်ရှိစက်ရုံများတွင်လည်း Private network အဖြစ်လည်းကောင်း အများသုံးကွန်ရက်များတွင် စာရင်းသွင်းခြင်းဖြင့်လည်းကောင်း 5G ကို ထပ်ဆောင်း တပ်ဆင်နိုင်သည်။ ထို့ပြင် လက်ရှိ ရှိနေသော စက်များအတွင်းရှိ အာရုံခံဆင်ဆာများသည် ကေဘယ်ကြိုးမှတစ်ဆင့် ၎င်းတို့၏ ဒေတာကို 5G သုံးနိုင်သော အင်တာနက် router များသို့ ပေးပို့ပြီး ထိုမှတစ်ဆင့် ၎င်းတို့ကို ကြိုးမဲ့ထုတ်လွှင့်ပေးပို့သည်။ ကျွန်ုပ်တို့သည် IoT gateways တပ်ဆင်ထားသည့် စက်များကို ကွန်ရက်ချိတ်ဆက်ရန် ထိုနည်းလမ်းကို အသုံးပြုနေပြီးဖြစ်သည်။

5G နှင့် လုပ်ငန်းသုံး IoT ဖြင့် ကျွန်ုပ်တို့သည် စက်ရုံ၏ ကုန်ထုတ်လုပ်ရေး လိုင်းများကို ပုံသေထားရှိရန် လိုအပ်တော့မည်မဟုတ်ဟု ယုံကြည်သည်။ ထိုအစား ၎င်းတို့သည် လိုအပ်ချက်များနှင့်အညီ မော်ဂျူးပုံစံ စိတ်ကြိုက်ပြန်လည်စီစဉ်ထားရှိနိုင်သည်။ ၎င်းသည် အနာဂတ် စက်ရုံများအတွက် မရှိမဖြစ်လိုအပ်လာမည့် အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။

ကုန်ထုတ်လုပ်မှုပိုင်းမှာ အချိန်တိုအတွင်း လုပ်ပေးရမယ့် အရေအတွက် နည်းပါးတဲ့ ကုန်အမှာစာအသစ်တွေကို ဆောင်ရွက်ပေးလာနိုင်ပါတယ်. လုပ်ငန်းစဉ်တွေနဲ့ လည်ပတ်ရမယ့် စက်တွေဟာ ပြင်လွယ်ပြောင်းလွယ်နဲ့ အလွယ်တကူ ထိန်းချုပ်အသုံးချနိုင်မှာဖြစ်ပါတယ်။ ကေဘယ်ကြိုးတွေနဲ့ဆိုရင် အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ သင်ဟာ အချိန်နှင့်တစ်ပြေးညီ လည်ပတ်ဆောင်ရွက်ပေးနိုင်မယ့် စနစ်တွေကို လိုအပ်ပြီး ဒါဟာ 5G နည်းပညာက ပံ့ပိုးပေးနိုင်တဲ့ အရာပဲဖြစ်ပါတယ်။

Bosch Rexroth ရှိ နည်းပညာ ဒါရိုက်တာဖြစ်သူ Gunther May
Bosch Rexroth ရှိ နည်းပညာ ဒါရိုက်တာဖြစ်သူ Gunther May

Bosch က 5G ကို ပိုမိုတိုးတက်တွင်ကျယ်လာအောင် ဘယ်လိုလုပ်ဆောင်နေသလဲ။

ဤမိုဘိုင်း ဆက်သွယ်ရေးစနစ်များကို အခြေခံမှစပြီးလုပ်ငန်းခွင်တွင် အသင့်သုံးနိုင်အောင် လုပ်ဆောင်ရန် Bosch သည် 2018 ခုနှစ်တွင် တည်ထောင်ခဲ့သော 5G Alliance for Connected Industries and Automation (5G-ACIA) ၏ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ယနေ့အထိ ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီနှင့် သုတေသန အဖွဲ့အစည်းပေါင်း 40 ကျော်က ထိုစီမံချက်တွင် အားဖြည့်ပါဝင်လာကြသည်။ ထို့ပြင် လက်ရှိတွင် Bosch သည် 5G ၏ အလားအလာများကို စူးစမ်းလေ့လာရန် ၎င်း၏ကိုယ်ပိုင်စက်ရုံများတွင် ပထမဆုံး 5G ကွန်ရက်များကို တပ်ဆင်နေပြီဖြစ်သည်။ Bosch သည် သိပ္ပံပညာရှင်များ၊ စက်ထုတ်လုပ်သူများနှင့် IT ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

5G Alliance for Connected Industries and Automation (5G-ACIA) သည် လုပ်ငန်းနယ်ပယ်တွင် 5G ဖွံ့ဖြိုးတိုးတက်မှုကို ပုံဖော်တွန်းပို့ပေးရန်အတွက် ကမ္ဘာတွင် ဦးဆောင်နေသော မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ Dr. Andreas Mueller သည် Bosch ကော်ပိုရိတ် သုတေသနလုပ်ငန်းတွင် ဆက်သွယ်ရေးနှင့် ကွန်ရက် နည်းပညာအကြီးအကဲအဖြစ်လည်းကောင်း 5G-ACIA တွင် ဥက္ကဌ အကြီးအကဲအနေဖြင့်လည်းကောင်း တာဝန်ယူထားသည်။ ကျွန်ုပ်တို့ ပိုမိုနားလည်သိရှိလာနိုင်ရန် သူနှင့် Gunther May ကို တွေ့ဆုံစကားပြောဆိုခဲ့သည်။

5G-ACIA က သူ့ရဲ့ပန်းတိုင်ကို ဘယ်လိုရောက်ရှိအောင် လုပ်နေသလဲ။

မေး- 5G-ACIA က သူ့ရဲ့ပန်းတိုင်ကို ဘယ်လိုရောက်ရှိအောင် လုပ်နေသလဲ။

Dr. Mueller- 5G-ACIA ဟာ လုပ်ငန်းနယ်ပယ်မှာ 5G နည်းပညာကို ပုံဖော်ဖို့အတွက် အဓိကကျတဲ့ ကမ္ဘာလုံးဆိုင်ရာ ဗဟုသုတ ဆွေးနွေးဖလှယ်ရာရပ်ဝန်းတစ်ခု ဖြစ်ပါတယ်။ Platform တစ်ခုမှာ ကမ္ဘာအရပ်ရပ်က လုပ်ငန်းအမျိုးမျိုးဟာ အချက်အလက် ဆက်သွယ်ပေးပို့မှု နည်းပညာ (ICT) နဲ့ လုပ်ငန်းလည်ပတ်မှု နည်းပညာ (OT) ချိတ်ဆက်စနစ်သစ်တစ်ခုကို အတူတူပူးပေါင်း ဖန်တီးပြီး များစွာပိုမိုကောင်းမွန်တဲ့ ဈေးကွက်တစ်ခု ပေါ်ထွက်လာဖို့ အခြေခံမူဘောင်တွေကို သတ်မှတ်ကြပါတယ်။

လုပ်ငန်းသုံး IoT ဟာ 5G ချိတ်ဆက်စနစ် တစ်ခုလုံးအတွက် အဓိကအာရုံစိုက်တဲ့ နယ်ပယ်တစ်ခု ဖြစ်လာပါတယ်။ ဒီနည်းအားဖြင့် လုပ်ငန်းသုံး ကိစ္စရပ်တွေနဲ့ အသုံးချမှုတွေအလိုက် တိကျတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် လုပ်ဆောင်ချက်များစွာကို သတ်မှတ်ပါတယ်။ အဲဒီမှာဆိုရင် အချိန်နှင့်တစ်ပြေးညီ ဒေတာစီးဆင်းမှု၊ ယုံကြည်စိတ်ချရမှု လွန်စွာမြင့်မားခြင်းနဲ့ ကြန့်ကြာမှုနည်းပါးခြင်း၊ အချိန်နှင့်အမျှ ပြောင်းလဲနေတဲ့ ကွန်ရက်ချိတ်ဆက်မှု (TSN) နဲ့ တိကျမှုမြင့်မားတဲ့ တည်နေရာ ရှာဖွေသတ်မှတ်မှုအတွက် ပံ့ပိုးကူညီပေးခြင်း ပါဝင်ပါတယ်။ ဒါ့အပြင် စက်ရုံတွေမှာ ၎င်းတို့ရဲ့ ကိုယ်ပိုင်သီးသန့် 5G ကွန်ရက်တွေကို တပ်ဆင်နိုင်ဖို့ သီးသန့် ကွန်ရက်(Private Network ) လို့ ခေါ်ကြတဲ့ ကွန်ရက်တွေကို ချိတ်ဆက်ပေးနိုင်ပါတယ်။ အဲဒီကွန်ရက်တွေက ရှိပြီးသား အများသုံးကွန်ရက်တွေကနေ အနည်းဆုံး အတိုင်းအတာတစ်ခုအထိ သီးခြားကွဲထွက်နေမှာဖြစ်ပါတယ်။ ဒီနည်းအားဖြင့် စက်ရုံပိုင်ရှင်တွေ 5G ကို အသုံးပြုရာမှာ အဆင်ပြေပြေ လိုသလို ပြောင်းလဲနိုင်ပြီး သီးသန့်လွတ်လပ်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

5G-ACIA ဟာ ICT နဲ့ OT လုပ်ငန်းတွေမှာ သက်ဆိုင်သူတွေအတွက် ကမ္ဘာလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးနိုင်တဲ့ ရပ်ဝန်းတစ်ခုကို စီစဉ်ပေးခြင်းအားဖြင့် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ထားပါတယ်။ လုပ်ငန်းသုံး 5G ရဲ့ ဖြစ်နိုင်ခြေအလားအလာ အပြည့်အဝကို ဖော်ထုတ်အသုံးချနိုင်ဖို့အတွက် ဒီအဖွဲ့နှစ်ဖွဲ့ကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပြီး 5G-ACIA က အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ပေးနိုင်မယ့် နေရာဖြစ်ပါတယ်။

မေး- ကုန်ထုတ်လုပ်မှုကို အများအားဖြင့် 5G က ဆောင်ရွက်ပေးနိုင်တဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အလားအလာအရှိဆုံး အသုံးချစရာနယ်ပယ်သစ်တွေထဲက တစ်ခုအဖြစ် မှတ်ယူထားပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ စက်မှုလုပ်ငန်းနယ်ပယ်မှာ အထူးထည့်သွင်းစဉ်းစားဖို့ လိုအပ်တဲ့ စိန်ခေါ်မှုများစွာလည်း ရှိနေပါတယ်။ သက်ဆိုင်ရာ စံသတ်မှတ်ချက်တွေ၊ စမ်းသပ်လုပ်ဆောင်ချက်တွေနဲ့ အနာဂတ်မှာ 5G ထပ်ဆင့်ပြောင်းလဲတိုးတက်မှုတွေ အပါအဝင် စက်မှုလုပ်ငန်းသုံး 5G ခရီးလမ်းမှာ ဘယ်လောက်ထိခရီးရောက်နေပြီလဲ။

Dr. Mueller- 5G ဟာ စံနှုန်းတစ်ခုမဟုတ်ဘဲ 15 လကနေ 18 လလောက်ကြာတိုင်းမှာ အသစ်ဖြန့်ချိမှုတွေနဲ့အတူ စဉ်ဆက်မပြတ် အဆင့်မြှင့်တင် တိုးချဲ့နေတယ်ဆိုတာကို သတိပြုဖို့လည်း အရေးကြီးပါတယ်။ အလွန်ယုံကြည်စိတ်ချရပြီး နှောင့်နှေးကြန့်ကြာမှုနည်းတဲ့ ဆက်သွယ်ရေးနဲ့ TSN ပံ့ပိုးကူညီမှုလိုမျိုး ကုန်ထုတ်လုပ်မှု လုပ်ငန်းကို အဓိကခြားနားသွားစေမယ့် လုပ်ဆောင်ချက်များစွာဟာ 2021 ခုနှစ်နှောင်းပိုင်းမှာ ဈေးကွက်ထဲ ဝင်ရောက်လာပါလိမ့်မယ်။ ဒါဟာ စက်မှုလုပ်ငန်းဆိုင်ရာ အလိုအလျောက်စနစ်တွေ အသုံးပြုမှုမှာ 5G ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် လက်ခံအသုံးချလာဖို့အတွက် လမ်းစဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။

မေး- နောက်ထပ် တီထွင်ဖန်တီးမှု ဥပမာတစ်ခုကို ပြောပြနိုင်မလား။

Dr. Mueller- ရေရှည်အနေနဲ့ အခြားတီထွင်ဖန်တီးမှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေမှာ တစ်ဦးချင်းအလိုက် ကိုက်ညီအောင်ဖန်တီးပေးထားတဲ့ ဆော့ဖ်ဝဲအပလီကေးရှင်းတွေ၊ သီးသန့်/ အများသုံး မဟုတ်တဲ့ ကွန်ရက်တွေ၊ ဖန်တီးထားတဲ့ ဉာဏ်ရည်တု (Artificial Intelligence) နဲ့ စက်ရဲ့သင်ယူမှတ်သားမှု (Machine Learning )တွေကို အသေးစိတ်ပေါင်းစည်းမှုတွေ၊ ဥပမာ- ကွန်ရက်တွေကို အလိုအလျောက် လုပ်ဆောင်ခြင်းနဲ့ 100 GHz ထက်ကျော်တဲ့ ကြိမ်နှုန်းမြင့်တွေ အသုံးပြုမှုအပေါ် ပိုပြီးအာရုံစိုက်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီနောက်ဆုံး တီထွင်ဖန်တီးမှုဟာ ပုံဖော်ရိုက်ကူးမှု၊ ပစ္စည်း စစ်ဆေးခြင်းနဲ့ RADAR လိုမျိုး လုံးဝဆန်းသစ်တဲ့ အခြား လုပ်ဆောင်ချက်တွေနဲ့ လုပ်ဆောင်နိုင်စွမ်း အသစ်တွေကို ဖန်တီးပြီး အားလုံးကို ကွန်ရက်တစ်ခုတည်းမှာ ပေါင်းစည်း အသုံးချနိုင်အောင်လည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဟာက နောင်လာမယ့် 6G ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လိမ့်မယ်။ ကျွန်တော့်အနေနဲ့ 5G နည်းပညာဟာ နောက်ထပ် နှစ်ပေါင်းများစွာအကြာအထိ လက်တွေ့ ဘဝ အကောင်အထည်ဖော်မှုတွေရဲ့ ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိနေလိမ့်မယ်လို့ မြင်မိပါတယ်။

မေး- Bosch Rexroth အနေနဲ့ 5G ကနေ ဘယ်လိုအခွင့်အလမ်းတွေကို မျှော်လင့်ထားပါသလဲ။

Gunther May- Bosch Rexroth မှာ ကျွန်တော်တို့ဟာ အနာဂတ် စက်ရုံကို အကောင်အထည်ဖော်ဖို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ ဒီစက်ရုံဟာ ပုံသေမဟုတ်ဘဲ ပြောင်းလဲမှုအမျိုးမျိုးကို လုပ်ဆောင်နိုင်တယ်- စက်တွေနဲ့ စနစ်တွေကို လိုအပ်ချက်နဲ့အညီ လုပ်ငန်းကဏ္ဍအသစ်တွေမှာ အမြဲတမ်း ထည့်သွင်းအသုံးပြုနိုင်တဲ့အပြင် ကြိုးမဲ့စနစ်လည်း ဖြစ်တယ်။ ဒါက inductive energy transmission မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးခြင်းနဲ့ သင့်တော်တဲ့ ကြိုးမဲ့ကွန်ရက်မှတစ်ဆင့် ဒေတာပေးပို့ခြင်း နှစ်ခုလုံးမှာ သက်ရောက်မှုရှိတယ်။ ယင်းအတွက် အသုံးပြုသူများအနေနဲ့ ဒေတာများကို အလွန်မြန်ဆန်၊ တည်ငြိမ်စွာ လွှဲပြောင်းပေးပို့နိုင်တဲ့ အလွန်အားကောင်းတဲ့ ကွန်ရက်တစ်ခုကို လိုအပ်ပါတယ်။

5G နည်းပညာက ဒီနေရာမှာ အသုံးဝင်လာပါတယ်။ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ Bosch စက်ရုံတွေမှာ လက်တွေ့အသုံးပြုမှုပုံစံတွေကို လက်ရှိစမ်းသပ်လျက်ရှိပါတယ်။ ဥပမာ- Bosch Rexroth ဟာ ကုန်ထုတ်လုပ်ရေး စက်ရုံတွေကို အနာဂတ် အဆင့်မြင့် စက်ရုံအဖြစ် အသင့်ဖြစ်နေအောင် နောက်ဆုံးပေါ် 4.0 နည်းပညာတွေနဲ့ ပြင်ဆင်ပေးလျက်ရှိပါတယ်။ ယင်းအတွက် ထုတ်လုပ်ရေးမှာ နည်းပညာများ၊ နည်းလမ်းများနဲ့ အသုံးချမှုများကို ထိရောက်စွာ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ခြင်းကို ထည့်သွင်းလုပ်ဆောင်ပါတယ်။ စက်ရုံကို တဖြည်းဖြည်း ချဲ့ထွင်ပြီး ကုန်ထုတ်လုပ်ရေး လုပ်ငန်းစဉ်အသစ်များဖြင့် ဒစ်ဂျစ်တယ်နည်းအရ အဆင့်မြှင့်သွားမှာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုမှာ ကုန်ကျစရိတ်သက်သာဖို့ ရည်မှန်းထားပါတယ်၊ ဆိုလိုတာကတော့ ကုန်ထုတ်လုပ်မှုပိုင်းမှာ အလွယ်တကူ ပြောင်းလွယ်ပြင်လွယ်ရှိပြီး အချိန်တိုအတွင်း ကုန်ပစ္စည်း များများထုတ်လုပ်၊ ပို့ဆောင်ပေးနိုင်အောင် ဆောင်ရွက်မယ့် သဘောပါပဲ။ နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် 5G မျိုးဆက်သစ် မိုဘိုင်းဖုန်းတွေကို ပြည်တွင်းထုတ်လုပ်ရေးမှာ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

ပစ္စည်းသွင်းကုမ္ပဏီတစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေအတွက် 5G အသုံးပြုနိုင်တဲ့ စက်တွေနဲ့ ထိန်းချုပ်မှုတွေ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဈေးကွက်မှာ သင့်တော်တဲ့ ဖြေရှင်းမှုနည်းလမ်းတွေနဲ့ ဝန်ဆောင်မှုတွေပေးဖို့ ဆန္ဒရှိပါတယ်။

မေး- 5G ကို ယခင်ရှိပြီးသား စနစ်နဲ့ကွန်ရက်တွေမှာလည်း အသုံးပြုနိုင်ဖို့ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါသလဲ။

Gunther May- 5G ကို သီးသန့်ကွန်ရက်တစ်ခုအဖြစ်လည်းကောင်း၊ အများသုံးကွန်ရက်မှာ စာရင်းသွင်းအသုံးပြုသူအဖြစ်လည်းကောင်း ရှိပြီးသားစက်ရုံတွေမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ စက်တွေ၊ ကိရိယာတွေနဲ့ စနစ်တွေမှာ ကြိုးမဲ့ အချက်အလက် ဖလှယ်မှုအတွက် သင့်တော်တဲ့ ဆက်သွယ်ရေး မော်ဂျူးတွေကိုသာ ထည့်သွင်းအသုံးပြုဖို့ လိုအပ်ပါတယ်။ ကနဦးအနေနဲ့ လုပ်ငန်းကဏ္ဍတစ်ခုချင်းစီကိုပဲ 5G နဲ့ ချိတ်ဆက်လို့လည်းရနိုင်တယ်။

စက်ရုံအသစ်တွေအတွက် အခြေခံအဆောက်အအုံကို 5G နဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်အောင် ဒီဇိုင်းရေးဆွဲဖို့ အကြံပြုနိုင်ပါတယ်။ ဒါက စက်အသစ်တွေအတွက် ကေဘယ်ကြိုးချိတ်ဆက်မှု ကုန်ကျစရိတ်တွေကို သက်သာစေတယ်။ တစ်ချိန်တည်းမှာပဲ စက်ဟာ ရေဒီယိုလှိုင်းမိတဲ့ အကွာအဝေးတွင်း ရှိနေသရွေ့ ခန်းမကျယ်ထဲမှာ ဘယ်နေရာကဖြစ်ဖြစ် အသုံးပြုနိုင်တာကြောင့် အသုံးပြုသူတွေဟာ ၎င်းတို့ရဲ့ စက်တွေနဲ့ စနစ်တွေကို သိပ်အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူ ပြန်လည်တပ်ဆင်သတ်မှတ်နိုင်ပါတယ်။

မေး- ပိုမိုရွှေ့ပြောင်းအသုံးပြုနိုင်ဖို့ဆိုတဲ့ လိုအပ်ချက်အတွက် 5G ကို နည်းပညာအဖြေတစ်ခုအဖြစ် ရည်ရွယ်ထားပါတယ်။ စက်မှုလုပ်ငန်းခွင်မှာ အဲလိုမျိုးလုပ်ဆောင်နိုင်ဖို့အတွက် အထူးလိုအပ်ချက်တွေနဲ့ ကိုက်ညီရမှာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းခွင် ရှုထောင့်အရ အထူးလိုအပ်ချက်တွေဆိုတာ ဘာတွေလဲ။

Gunther May- စက်မှုလုပ်ငန်း အားလုံးနီးပါးမှာ ထုတ်ကုန်များရဲ့ သက်တမ်းကာလ ပိုနည်းလာပြီး စက်မှုလုပ်ငန်း လုပ်ကိုင်သူတွေဟာ ကုန်ပစ္စည်းတွေကို အသုတ်လိုက် အရေအတွက်နည်းနည်းချင်းပဲ စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနေရတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ ဒါကြောင့် အနာဂတ် စက်ရုံမှာ ကြမ်းပြင်၊ ခေါင်မိုးနဲ့ နံရံတွေကိုသာ အသေတည်ဆောက်ထားစရာလိုပြီး ကျန်တာတွေက တကယ့်ကို ပြောင်းလွယ်ပြင်လွယ် လုပ်ကိုင်နိုင်ပါတယ်။ စက်တွေနဲ့ စနစ်တွေကို ကုန်အမှာစာ အသုတ်ကိုလိုက်ပြီး အသုံးပြုသူက ရွှေ့ပြောင်းနိုင်ပြီး ၎င်းတို့ကို အချိန်တိုအတွင်း ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍအသစ်တွေမှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ဒေတာ ပမာဏ အများအပြားကို စက်တစ်ခုနှင့်တစ်ခုကြား အပြန်အလှန်လွှဲပြောင်းခြင်းနဲ့ ၎င်းတို့ကို အဆင့်မြင့်စနစ်တွေနဲ့ အပြန်အလှန် လွှဲပြောင်းခြင်း နှစ်ခုစလုံးအတွက် တည်ငြိမ်တဲ့ ကြိုးမဲ့ချိတ်ဆက်မှုကို အချိန်ပြည့် ရရှိရန်မှာ အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်တယ်။

မေး- 5G ကို အသုံးပြုနိုင်ဖို့ အသုံးပြုသူတွေအနေနဲ့ စက် အသစ်တွေ (စမတ်ဖုန်းတွေ၊ ထိန်းချုပ်ရေးကိရိယာတွေနဲ့ အာရုံခံဆင်ဆာတွေ) လိုအပ်ပါသလား။ ဒါမှမဟုတ် ရှိပြီးသား စက်တွေ၊ စက်ရုပ်တွေနဲ့ စနစ်တွေမှာလည်း 5G ကို ထည့်သုံးနိုင်ပါသလား။

Gunther May- 5G အတွက် စက်ကိရိယာအသစ်တစ်ခု မလွဲမသွေ လိုအပ်ပါတယ်။ ဒါပေမဲ့ LAN မှ WLAN သို့ ကူးပြောင်းလာသလိုမျိုးပဲ အဆင့်ဆင့် ကူးပြောင်းလို့ရနိုင်ပါတယ်။ စက်တွေထဲမှာ အာရုံခံဆင်ဆာတွေဟာ ၎င်းတို့ရဲ့ ဒေတာတွေကို ကေဘယ်ကနေတစ်ဆင့် 5G သုံးနိုင်တဲ့ ရောက်တာတွေဆီကို ထုတ်လွှတ်ပေးပို့နိုင်ပြီး အဲဒီကနေတစ်ဆင့် ကြိုးမဲ့ ထုတ်လွှင့်ပေးပို့နိုင်ပါတယ်။ Bosch Rexroth ဟာ IoT gatewaysတွေ တပ်ဆင်ထားတဲ့ စက်တွေနဲ့ နောက်ပိုင်းမှာ ကွန်ရက်ချိတ်ဆက်နိုင်ဖို့ ယနေ့ ဒီနည်းလမ်းကို အသုံးပြုနေပြီဖြစ်ပါတယ်။